လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး ဩဂုတ် ၁၆

လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးကို လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်သည်။

အစည်းအဝေးတွင် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဌာနဆိုင်ရာများ လုပ်ငန်းများဆောင်ရွက်ကြရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ ယခုလအတွင်း ပြုလုပ်မည့် တိုင်းနှင့်ပြည်နယ်အဆင့် ဘတ်စကက်ဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် တာဝန်ယူရသည့် ကဏ္ဍများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ မိမိရုံးဌာနများ သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးကို အစဉ်တစိုက်ပြုလုပ်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားသည်။

ယင်းနောက် လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်လင်းထွန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဌာနအလိုက်၊ ရပ်ကွက်အလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်လိုအပ်ချက်များကို တင်ပြကြရာ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)