မုဒုံမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ပြိုင်ပွဲကျင်းပ

မုဒုံ သြဂုတ် ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်တေဇ၌ ကျင်းပသည်။

ရှေးဦးစွာ  မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ဘိုးဘွားများ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာသည့်  မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်တက်စေရန်နှင့် ချစ်မြတ်နိုး တန်ဖိုးထားတက်စေရန် ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြသည့် တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာ ( ၁၀ - ၁၅ ) ခေတ်ဟောင်း ကာလပေါ်  အဆိုပြိုင်ပွဲ၊ အခြေခံပညာ ( ၁၅ - ၂၀)၊ ( ၁၀ - ၁၅ )၊ ( ၅ - ၁၀) အကပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး  ကျောင်းပေါင်းစုံ  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးများ၊ မိဘများနှင့် ကျောင်းသား/ သူတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)