ဒလ သြဂုတ် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် အ.ထ.က (၁) တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကား ပြောကြားပြီး လူငယ်နှင့်အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အားကစားမှူး ဦးအောင်နိုင်ဦးက လူငယ်နှင့်ခေါင်းဆောင်မှူး အကြောင်းကို ဟောပြောပို့ချခဲ့သည်။ အ.ထ.က(၁) ကျောင်းအုပ်ကြီး ဦးမောင်မောင်စံမှ နိဂုံးချုပ်အမှာ စကားပြောကြားပြီး မြို့နယ်အားကစားမှူးက ကျောင်းအတွက် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူအင်အား (၂၅၀)ခန့် တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား မြန်မာ့သိုင်းအဖွဲ့၊ တိုက်ကွမ်ဒိုအဖွဲ့နှင့် အေရိုဗစ်အဖွဲ့တို့က သရုပ်ပြ ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ၁၁:၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သီတာဝင်း(ပြန်ဆက်)