တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၄၆၅၆၀) အခမဲ့ထောက်ပံ့

တာချီလိတ်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများ လက်ဝယ်အရောက် ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် ငါးမွေးမြူခြင်း လိုင်စင်ခွန်ပေးဆောင်ခဲ့သော ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ နိုင်ငံတော်မှ ငါးသားပေါက်ထောက်ပံ့မှုပေးရာတွင် တစ်ဧကအတွက် ငါးကောင်ရေ (၁၀၀၀)နှုန်းဖြင့် ငါးမွေးတောင်သူ (၆၁) ဦး၊ (၄၆ဒသမ၅၆)ဧကအတွက် ငါးသားပေါက် ကောင်ရေ (၄၆၅၆၀)ကို အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ တစ်ခရိုင်လုံးအနေဖြင့် ငါးမွေးတောင်သူ (၂၆၂)ဦး၊ ဧရိယာ(၃၁၇၀၃) ဧကအတွက် တီလားဗီးယားငါးသားပေါက်ကောင်ရေ သုံးသိန်းတစ်သောင်းခုနှစ်ထောင်ကျော်ကို အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်ချက်ဖြင့် ငါးမွေး တောင်သူများအား တီလားဗီးယား ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးခဲ့ရာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)(ခ)၊ မိုင်းကိုး၊ ဖန်မင်ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ငါးမွေးတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစန်းမောင်ဦးထံမှ သိရသည်။

ယာဆေး(ပြန်/ဆက်)