တာချီလိတ် ဩဂုတ် ၁၆
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ကျပ်၊ ဘတ် ဖြင့် နိုင်ငံခြားငွေ တိုက်ရိုက်ပေးချေသည့် ဘဏ်အကောင့်ဖွင့်လှစ်၍ အသုံးပြုနိုင်မည့် ဝန်ဆောင်မှုအား စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
“နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လွှဲပို့ငွေနှင့် ပို့ကုန်ပြန်ရငွေအားလုံးသည် ဘဏ်စနစ်ဖြင့်သွားရမည်ဖြစ်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်၊ ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ရသည့် ဘဏ်(Designated Bank )ကို ယခုနှစ် မေလမှစတင်ပြီး ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်ကို သတ်မှတ်၍လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဘဏ်တစ်ခုတည်းဖြစ်နေ၍ လုပ်ငန်းလိုအပ်ချက်အရ မြန်မာ့စီးပွားရေးဘဏ်ကို Designated Bank အဖြစ် ထပ်မံသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း” မြန်မာ့စီးပွားရေးဘဏ်(ရှမ်းပြည်နယ်ရုံး) ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောသည်။
“ဩဂုတ်လ ၁၇ ရက်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်(တာချီလိတ်)တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ဘတ်ငွေစာရင်းနှင့် ကျပ်ငွေစာရင်းကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းဖွင့်လှစ်ရန်အတွက် သက်တမ်းရှိသော ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်စာရင်း၊ ကုမ္ပဏီအစည်းအဝေးမှတ်တမ်း၊ ဘတ်ငွေပေးသွင်းမည်ဆိုပါက နိုင်ငံခြားသုံးငွေရရှိသော အထောက်အထား၊ စာရင်းဖွင့်လျှောက်လွှာနှင့်အတူ ထိုင်းဘတ်ငွေ ၁၀၀ (သို့မဟုတ်) ၎င်းနှင့်ညီမျှသော ကျပ်ငွေဖြင့် စာရင်းဖွင့်လှစ်နိုင်ကြောင်း” ၎င်းကဆက်ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာသုံးစွဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုတွင် ဘတ်၊ ကျပ် တိုက်ရိုက်အသုံးပြုပေးချေခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုကိုတိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်၊ ပြည်တွင်းကျပ်ငွေသုံးစွဲမှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး၊ မြိတ်၊ မောတောင်နှင့် မဲဆောက်မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီး အများစုအနေနှင့် မြဝတီမှ တဆင့် တင်သွင်း၊ တင်ပို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)