နမ့်ခမ်း ဩဂုတ် ၁၆
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့်ကာလအတွင်း ရောဂါကြိုတင်ကာကွယ် ထိန်ချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် နမ့်ခမ်းမြို့ရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတနာ့ဝန်ထမ်းများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်၍ ယနေ့ အချိန်ထိဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သတ်သည့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများဖြစ်သည့် ဆေးဝါးသယ်ယူခြင်း၊ အောက်ဆီဂျင်သယ်ယူခြင်း၊ လူနာများသယ်ယူပို့ဆောင်ခြင်းနှင့် စသည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပြီး မြို့ပေါ်ပြည်သူလူထုများသာမက ကျေးရွာများရှိ ပြည်သူများအတွက် မိမိကိုယ်ကျိုးနှင့်အသက် ပဓာနမထားဘဲ ပြည်သူ့အကျိုးပြု လုပ်ငန်းများ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် နမ့်ခမ်းမြို့နယ် NMBG လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့မှ စေတနာ့ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်း ရောဂါကြိုတင်ကာကွယ် ထိန်ချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် NMBG လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းတို့မှ စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ဂုဏ်ပြုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NMBG လူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)