မောက်မယ်မြို့နယ်၌ ဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်

မောက်မယ် သြဂုတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ များ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု အ.မ.က ပုန်းလောကျောင်းသို့သွားရောက်ပြီး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသား/ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရေး၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတ များရရှိလာစေရန်အတွက် ပုံပြင်စာအုပ်များဖတ်ပြခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့်အပြန်အလှန် ဆွေးနွေးခြင်းနှင့် အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် သုတ/ရသ စာအုပ်များကို အဆိုပါကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ ဖတ်ရှုစေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)