ကျိုင်းတောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပညာပေးနှိုးဆော်

ကျိုင်းတောင်း၊ စက်တင်ဘာ ၁၂

လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာရမည့်စည်းကမ်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်များကို လှည့်လည်ကြေညာခြင်းအား မြို့စေတနာ့ဝန်ထမ်း ရွှေလူငယ်ပရဟိတအဖွဲ့များမှ ယမန်နေ့ ည ၉ နာရီ အချိန်ခန့်ကစတင်၍ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့်ရပ်ကွက်များအတွင်းသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်အတွင်း နေထိုင်ခြင်း၊ လူစုလူဝေးရှောင်ကျဉ်ခြင်းနှင့် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာပါက Mask (နှာခေါင်းစည်း) တပ်ဆင်ရန်၊ လက်ကို စနစ်တကျဆေးရန် ၊ Social Distancing ကို တိတိကျကျ လိုက်နာရန်နှင့် ပြည်ပမှပြန်လည်ဝင်ရောက် လာသူများ၊ ရောဂါပိုးကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ မြို့နယ်အတွင်းသို့ ဝင်ရောက်လာ ပါက သက်ဆိုင်ရာသို့ချက်ခြင်းအကြောင်းကြားရန် စသည့်အချက်များကို အများပြည်သူသိစေရန် အတွက် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုင်းသီဟထွန်း၊ကျိုင်းတောင်း(ပြန်ဆက်)