ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူကလေးများအား ကျန်းမာရေးအခြေခံစနစ်တကျ လက်ဆေးနည်း လက်တွေ့ပြသပေးခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား တစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးကုသပေးခြင်းအပြင် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)