မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

မိုင်းနောင် ဩဂုတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍၂၀၂၂ခုနှစ် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖလား အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားရာတွင် ​လူငယ်များအားလုံး ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအဖြစ် အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်​စေရေး၊  ပူးပေါင်းလှုပ်ရှားဆောင်ရွက် တတ်‌သော အလေ့အကျင့်ကောင်းများရရှိလာပြီး မြို့နယ်အဆင့်လက်ရွေးစင် အားကစားသမားများမှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်ဘောလုံး အားကစားသမားကောင်းများထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း​​ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ မိုင်းနောင်မြို့၊ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲ ရေးမှူး၊ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊​အားကစားသမားများ၊​ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကာ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအက အဖွဲ့များက သရုပ်ဖော် ကကွက်များနှင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်ပေးသော ဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွား အဖွဲ့များအား အမှတ်(၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မှစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီး လင်းအောင်မိုးက  တစ်ဖွဲ့လျှင် ငွေကျပ်(၅၀၀၀၀) စီဖြင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)