ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး ခေတ်မီစံပြကျေးရွာ(Smart Village) ရွာသစ်ကျေးရွာ၌ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

ငါန်းဇွန် ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးခေတ်မီစံပြကျေးရွာ(Smart Village)ဖြစ်သည့် ရွာသစ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်က  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသည့် သဘာဝမြေဩ ဇာများ တောင်သူများ ပြုလုပ်သုံးစွဲတတ်စေရန်အတွက် စူပါဘိုကာရှီမြေဆွေး လက်တွေ့ပြုလုပ်ပြသခြင်းနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်မှ Smart Village ၏ ရည်ရွယ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်မှု အပေါ် ကျေးရွာလူထုအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းမှ သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲခြင်းကြောင့် လယ် ယာမြေများ၏ မြေဆီလွှာဖွဲ့စည်းမှုများကောင်းမွန်၍ ရေရှည်အကျိုးရှိခြင်း၊ သဘာဝဖြင့်ပြုလုပ်ထားသော မြေဩဇာဖြစ်ခြင်းကြောင့် လူသားများအတွက် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် လွယ်ကူစွာပြုလုပ်သုံးစွဲ ခြင်းတို့ကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် သီးနှံအထွက်နှုန်းတိုးတက် ကောင်းမွန်စေရန်အတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းအား ပို့ချဆွေးနွေးခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကစူပါဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြရာ အဆိုပါစိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာပညာပေးသင်တန်းသို့ တက်ရောက်လာသော ခေတ်မီစံပြကျေးရွာ(Smart Village)ဖြစ်သည့် ရွာသစ် ကျေးရွာမှ တောင်သူများအား မှတ်စုစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)