ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကျင်းပ

စစ်တွေ   ဩဂုတ်  ၁၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ (၆) လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့မှု အခြေအနေများ၊ အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို  ထပ်ဆင့် ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက အလေးထား လိုက်နာဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အမှာစကား ပြောကြားသည်။  

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကဏ္ဍ များအလိုက် ဆွေးနွေးပြောကြားကြပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက (၂/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြောကြားကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာနတို့က မိမိ တို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပြီး  ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)