ရသေ့တောင် သြဂုတ် ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် အသက်(၂)မှ (၄)နှစ်အထိ ကလေးများနှင့် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရ ရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေနှင့် သန်ချဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့၊ မြို့မ အ.မ.က၊ အမှတ်(၄)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မနုစိန်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရသေ့တောင်မြို့နယ်အတွင်းရှိ (၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ ကလေးများအား သံချဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းများကို အာဟာရရက်သတ္တပတ်အနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)