ဆီဆိုင်၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား သက်ဆိုင် ရာဌာနသို့ လွှဲပြောင်းပေးအပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ဆီဆိုင်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း (၆၆) ရွာတွင် (၄၇) ယူနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံ ကိန်း(VRFP)ကိုလည်း ကျေးရွာ(၈)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းအား ကျေးရွာပေါင်း(၇၄)ရွာတွင် (၅၅)ယူနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါသဖြင့် ကျေးရွာများအတွက် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ် ငန်းများအပြင် လက်ရှိစီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ပြီး မိသားစုအသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ အဆင်ပြေလာပါသဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက တခေါ့ခွန်ကျေးရွာနှင့် နားမွန်ကျေးရွာတို့တွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သော ဆရာ၊ ဆရာမနားနေဆောင်လုပ်ငန်း ဆောင်ရွက်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းတို့က မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင် ရွက်သောလုပ်ငန်းများ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်ရှိ မြစိမ်းရောင်ကျေးရွာ (၆၆)ရွာတွင် ယနေ့အချိန်ထိ လူဦးရေ (၄၃၀၄)ဦးခန့်အား ချေးငွေ ကျပ်သန်း (၂၁၂၅ဒသမ၇)ခန့် ထုတ်ချေးထားပြီး အတိုးရငွေပေါင်း ကျပ်သန်း(၉၉၀ ဒသမ ၃၄၄၆၄) ခန့်ရရှိနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)