စဉ့်ကိုင် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်ပြီး ဝင်ငွေတိုးစေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ကို ယမန်နေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်ရခြင်းမှာ အိမ်ရှင်မများ မိမိအိမ်မှာနေထိုင်ပြီး မိသားစုတပိုင်တနိုင် လုပ်ကိုင်နိုင်တဲ့ အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး၊ အရင်းအနှီးနည်းနည်းဖြင့် အကျိုး အမြတ်ဖြစ်ထွန်း နိုင်ခြင်း၊ မိမိတို့နေအိမ်တွင် အသုံးပြုနိုင်သော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးစေရန် ရည်ရွယ်၍ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေါ်ခင်မာလွင်၊ နည်းပြ(မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်)မှ ဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်တွင် ပါဝင်သောပစ္စည်းများဖြစ်သည့် N70ဂျယ် ၊ SLS အမြှုပ်ကို ထွက်ပေါ် စေသောပစ္စည်း၊ Nacl ဆားပျစ်၊အရောင်အစရှိသည်များကို အချိုးအစားအလိုက် အသုံးပြုပြီး အသင့်သုံးဆပ်ပြာဆီ ပြုလုပ်ပုံများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိစိတ်ပါဝင်စားသူများက တက်ရောက်ခဲ့ကြပြီး ဆပ်ပြာဆီပြုလုပ်နည်းနှင့်ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အေးအေးမိုး