မိုးနဲ ဩဂုတ် ၁၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် (၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပေါ့မိုင်းရပ်ကွက်ရှိ မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများရရှိလာပြီး မြို့နယ်အဆင့် လက်ရွေးစင် အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း နိုင်ငံတော်အတွက် အားထားရသော အနာဂတ်လူချွန် လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များက သရုပ်ဖော်ကကွက်များနှင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်း ၉ သင်းမှ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ကွင်းအတွင်း ဘောလုံးကန်သွင်း၍ ပြိုင်ပွဲကိုစတင်ပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း