သိန္နီမြို့နယ်တွင် မိုးစပါး ၁၂၂၆၈ ဧက အောင်မြင်စွာ စိုက်ပျိုးပြီးစီး

သိန္နီ  သြဂုတ် ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့သည် စိုက်ပျိုးရေးကို အခြေခံ၍ ဒေသဝမ်းစာဖူလုံရေးအနေဖြင့် နှစ်စဉ်  မိုးစပါး၊ လယ်စပါး၊ ယာစပါး၊ တောင်ယာစပါးနှင့် နွေစပါးများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီအတွင်း မိုးစပါး (၁၂၂၆၈) ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်သည်။

သိန္နီမြို့နယ်အတွင်းရှိ မိုးစပါးစိုက် တောင်သူများအနေဖြင့် မိုးစပါးများကို ယခင်မိုးရာသီတွင် (၁၆၄၁၉) ဧက စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် (၁၂၂၆၈) ဧက စိုက်ပျိုးထားပြီးဖြစ်သည်။ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် မိုးစပါးစိုက်ပျိုးမှုဧက လျော့နည်းခြင်းဖြစ်သည်။ စိုက်ပျိုးပြီးသော မိုးစပါးများအနေဖြင့် အောင်မြင်လျက်ရှိပြီး သီးထပ်သီးနှံဖြစ်သော ပဲပုတ်နှင့်နေကြာများကို ပိုမိုစိုက်ပျိုးလျက်ရှိကြောင်းလည်း သိရသည်။ ယခုနှစ်စိုက်ပျိုးထားသော မိုးစပါးများ အထွက်နှုန်းကောင်းစေရေးအတွက် သိန္နီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသိန်းထိုက်နှင့် ဝန်ထမ်းများက မိုးစပါး မစိုက်ခင်ကာလများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ခင်းများအားလည်း ကွင်းဆင်း၍စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။ သိန္နီမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာ၌ ဒေသရှမ်းဆန် ၈၈၁ အမျိုးအစား၊  ဒေသရှမ်းဆန် ၅၀၂ အမျိုးအစားနှင့် ကောက်ညှင်းစပါးများကို အဓိကထား၍ စိုက်ပျိုးကြကြောင်း သိရသည်။        

စောဥမ္မာ(သိန္နီ)