အင်တောမြို့၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်

အင်တော ဩဂုတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့၌ စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်လှလှထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် စာဖတ်ဝိုင်းကိုဆက်လက်ပြုလုပ်ရာ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော"လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ထဲမှ ‘မုန်လာဥဝါ၊ကြက်ဥနဲ့ကော်ဖီနဲ့ဘဝအမြင်’"  ခေါင်းစဉ်ပါစာပေ အကြောင်းအရာများကို Book Club အသင်းဝင် ဒေါ်ခိုင်ဇင်ငြိမ်းက လည်းကောင်း၊ မဝါဝါခိုင်နှင့် မနွယ်နီအောင်တို့က "အဲဒီကောင်လေးမရှိတော့ဘူး"နှင့်“လူမျိုးမြင့်ဖို့ စာဖတ်စို့’’ခေါင်းစဉ်ပါစာပေ အကြောင်းအရာတို့ကို အသီးသီးဖတ်ကြား၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်အောင်စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်စာအုပ်မိတ်ဆက်ကဏ္ဍတင်ဆက်ပေးခြင်း၊ စာအုပ်စာစောင်များကိုလည်း စာဖတ်သူတို့ Mobile ကွင်းဆင်း၍ ငှားရမ်း၊ ဖတ်ရှုနိုင်အောင် ပြည်သူ့ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အင်တော(ပြန်/ဆက်)