ကျိုင်းတုံ ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မိုးသည်းထန်ရွာသွန်းခဲ့၍ ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီးနောက် ကျန်ရှိနေသောရွှံနွံနှင့် အမှိုက်များအား ဩဂုတ် ၁၅ ရက် နံနက် ၇ နာရီခွဲတွင် တာဝန်ရှိသူများက စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ရပ်ကွက်များအတွင်း ကျန်ရှိနေသော ရွှံနွံများ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်ပေးကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းမများပေါ်နှင့် လမ်းဘေးဝဲ/ယာတို့တွင် တင်ကျန်ခဲ့သည့် အမှိုက်များ၊ ရွံနွံများနှင့် ရေမြောင်းများအတွင်း ပိတ်ဆို့ကျန်နေသည့် အမှိုက်များ၊ ရွှံနွံများကို တာဝန်ရှိသူများက စုပေါင်းရှင်းလင်းဆယ်ယူဆောင်ရွက်ခဲ့ကြပြီး အလှူငွေများ စုပေါင်းထောက်ပံ့လှူဒါန်း ပေးခဲ့ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)