နောင်တရား ဩဂုတ် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု နောင်ပီကျေးရွာ စုပေါင်းခန်းမတွင် အောင်ပန်းမြို့၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၆၅)စက်မှုလယ်ယာစခန်းမှ စိုက်ပျိုးရေးတောင်သူများအတွက် (၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးသည်။
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမှတ်(၈)အလတ်စား စက်ပြင်အလုပ်ရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက စိုက်ပျိုးရေးတောင်သူများ အခြေခံစက်ပြင်ပညာကိုတက်သိနားလည်ခြင်းဖြင့် စက်ပစ္စည်း ချို့ယွင်းမှုရှိပါက ငွေကုန်သက်သာခြင်းနှင့် အချိန်ကုန်သက်သာခြင်းအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က သင်တန်းသားများအနေဖြင့် ရရှိသည့်အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အခြေခံစက်ပြင် ပညာကိုကြိုးစားသင်ယူကြရန်လိုကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၅) စက်မှုလယ်ယာစခန်း၊ အောင်ပန်းမြို့မှ မြို့နယ်ဦးစီးမှူး ဦးဘဝင်းက စိုက်ပျိုးရေးတောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် သင်သန်းသားများအတွက် သင်ထောက် ကူပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး နောင်ပီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို နည်းပြဆရာ ၅ဦး ဖြင့် ဩဂုတ်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ (၁၂)ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး နောင်ပီးကျေးရွာအုပ်စုအတွင်း ကျေးရွာများမှ သင်တန်းသား (၃၀)ဦးကို လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)