မိုးညှင်း ဩဂုတ် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စုရှိ ယာဉ်ရပ်နားစခန်းသို့ ယမန်နေ့ နံနက်(၁၁)နာရီခန့်က (၁၂)ဘီးယာဉ်ဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ (၇၉)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက ဌာနေဒေသအသီးသီးမြို့များသို့ သက်ဆိုင်ရာမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများမှ နွေးထွေးစွာကြိုဆိုကြပြီး စာရင်းများ ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ဌာနေဒေသအသီးသီးမြို့များသို့ သွားရောက်ကြမည့် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၂၄)စု၊ လူဦးရေ (၇၉)ဦးအနက် အိမ်ထောင်စု (၁၈)စု၊ လူဦးရေ (၅၇)ဦးမှာ မုံရွာ၊ မန္တလေး၊ မော်လိုက်၊ ရန်ကုန်၊ ကလေး၊ ဖောင်းပြင်စသည့် မြို့များသို့ တာဝန်ရှိသူများက သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများဖြင့် ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်းနှင့် မိုးညှင်းမြို့သို့ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၂)ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးနေအိမ်များတွင် နေထိုင်ကြလျက်ရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)