ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်

ဟိုပုံး ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်မှာစိန်ခေါ်မှုအနေနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေကတော့ နွေရာသီကာလမှာ ရေရှားပါးမှုဘေး၊ လေပြင်းဘေး၊ မိုးသီးကြွေဘေးနဲ့ မိုးရာသီကာလမှာ မိုးကြိုးဘေး၊ မြေပြိုဘေးအန္တရာယ်တွေဖြစ်ပြီး ဘေးဖြစ်ပွားမှုတွေပိုမိုများပြားလာတာကို တွေ့မြင်ရတဲ့အတွက် ထိ‌ရောက်တဲ့ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေနဲ့လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ထောင့်စေ့အောင်စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိမှာဖြစ်ကြောင်း၊ သဘာဝဘေးလုပ်ငန်းစဉ်များဟာ ကြီးမားကျယ်ပြန့်တာဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ပြည်သူ တစ်ရပ်လုံး ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ဆက်လက်၍လည်း ယခုလိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အတွက် အလေးအနက်တိုက်တွန်းလိုကြောင်း၊ ယခုလို သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်၍ ယခုလိုသင်တန်းမျိုးကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဖွင့်လှစ်‌ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို ဩဂုတ်လ ၁၅ ရက်မှ ၁၇ရက်နေ့အထိ (၃)ရက်ကြား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူ/သားများ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသပြန်/ဆက်)