မလှိုင် သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၏ မြို့ကျက်သရေဆောင် မြို့အဝင်ဆိုင်းဘုတ်အသစ် တည်ဆောက်မည့်မြေနေရာအား မြေသန့်မင်္ဂလာနှင့်အန္တရာယ်ကင်း ကမ္မဝါစာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့အဝင်ဆိုင်းဘုတ် ဆောက်လုပ်မည့် အမှတ်(၂)ရပ်ကွက်၊ ဇီးပင်ကန်မြောက်ကွင်း၊ မိတ္ထီလာ-မလှိုင် ကားလမ်းမဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဆရာတော်များအား မြို့အဝင်ဆိုင်းဘုတ်အသစ်ဆောက်လုပ်မည့်မြေနေရာနှင့် ပတ်သက်၍ မြေသန့်မင်္ဂလာပြုလုပ်ခြင်းဖြစ်ကြောင်း လျှောက်ထားပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူခဲ့ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များက မြေသန့်မင်္ဂလာအတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇာယ်တော်မူပြီး ကမ္မဝါစာများ ဖတ်ကြားခဲ့သည်။
မြို့အဝင်ဆိုင်းဘုတ်အသစ်၏ အရွယ်အစားမှာ အလျား(၁၅)ပေ x အနံ(၅)ပေရှိ၍၊ မြေပြင်အထက် (၁၂)ပေ(အုတ်ခုံအမြင့်(၂)ပေအပါအဝင်)ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ (၇.၈၇၄)သန်း ဖြင့် (Four-G)ကုမ္မဏီမှတာဝန်ယူ၍ (၁၈.၈.၂၀၂၂)ရက်နေ့တွင် စတင်တည်ဆောက်သွားမည်ဖြစ်သည်။ မြို့အဝင်၊ မြို့အထွက် ဆိုင်းဘုတ်အသစ်များ ခန့်ညားထည်ဝါစွာ စိုက်ထူပေးခြင်းဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွှတ်စေပြီး မြို့၏ကျက်သရေဆောင်နိုင်သည့်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြို့အထွက်တွင်လည်း အလားတူဆိုင်းဘုတ်အသစ်တစ်ခုကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)