ကျောက်တံခါးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ပါအချက်အလက်များအား ဖြည့်သွင်းဆောင်ရွက်နေမှုရာနှုန်းပြည့် ပြီးစီး

ကျောက်တံခါး  သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း အိမ်ထောင်စု (၅၁၆၅၀)စု၊ နိုင်ငံသားလူဦးရေ (၂၄၃၉၉၅) ဦးအား Software Programဖြင့် ကွန်ပျူတာများအသုံးပြု၍ ဖြည့်သွင်းလျက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်း၌ (၆၆/၆) အိမ်ထောင်စုများအား Software Programဖြင့် ကွန်ပျူတာများအသုံးပြု၍ သတ်မှတ်ရက်ထက်စောလျင်စွာ ဖြည့်သွင်းပြီးနိုင်ရေးအတွက်  ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများမှ နေ့ဆိုင်း/ ညဆိုင်းအဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၆၆/၆)အိမ်ထောင်စုများအား Software Programဖြင့် ကွန်ပျူတာများအသုံးပြု၍ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့် ဖြည့်သွင်းပြီးစီးနိုင်ရေးအတွက် ညောင်လေးပင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)