မိုးနဲမြို့နယ်၌ ရာသီပေါ်နှင်းသီးများ စတင်ခူးဆွတ်‌ရောင်းချနေရပြီး ဈေးကောင်းရ၍ စိုက်ပျိုးသူတောင်သူများ အဆင်ပြေ

မိုးနဲ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ရာသီပေါ်နှင်းသီးများ စတင်ခူးဆွတ်ရောင်းချနေရပြီး ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေလျက်ရှိကြောင်း နာဟောင်ရပ်ကွက်နေ နှင်းသီးပင်များစိုက်ပျိုးသူ တောင်သူစိုင်းမြင့်ထွန်းက ပြောကြားခဲ့သည်။

နှင်းသီးပင်များကို နမ့်မော်လေကျေးရွာတွင် အပင်ပေါင်း ၆၀ ခန့်စိုက်ပျိုးထားကြောင်း၊ ယခုအချိန် တွင်ခူးဆွတ်ရောင်းချနေရပြီးဖြစ်ကြောင်း၊ အပင်တစ်ပင်လျှင် ပိဿာချိန် ၃၀ ခန့်ထွက်ရှိကြောင်း၊ နှင်းသီးများကို ပိဿာချိန်ဖြင့်ရောင်ချပြီး တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြင့်ရောင်းချရသဖြင့် ဈေးကောင်းရရှိကြောင်း၊ တစ်ရက်လျှင် ပိဿာချိန် ၁၅ ပိဿာကျော်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း ထွက်ရှိလာသောနှင်းသီးများကို လင်းခေးမြို့နှင့်အခြားမြို့များသို့လည်း ပို့ဆောင်ရောင်းချပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် နှင်းသီးများ ယခင်နှစ်ထက် ပိုမိုထွက်ရှိသဖြင့် ဝင်ငွေပိုမိုရရှိနိုင်ကြောင်းနှင့် နှင်းသီးပင်၊ လိုင်ချီးသီးပင်၊ အစေ့ထုတ်ပြောင်း ပင်များကိုလည်းစိုက်ပျိုးထားရှိကြောင်း နာဟောင်ရပ်ကွက်နေ စိုင်းမြင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)