ဗန်းမော်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်လှစ်

ဗန်းမော် ဩဂုတ် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွား လာတတ်သော ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတွင် ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးသင်တန်းပို့ချကာ သင်တန်းတွင် ဗန်းမော်ခရိုင်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အခြားစိတ်ပါဝင်စားသူများတို့က သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြပြီး ဖြစ်ပွားကြုံတွေ့ရလေ့ရှိသည့် မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း၊ အခြေခံကြိုးချည်နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်း နည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်း၊ အသက်ရှူကိရိယာအသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက် ကယ်ဆယ်ရေး၊ Collapsed Structure Rescue (ပြိုကျအဆောက်အဦမှ ကယ်ဆယ်ခြင်း)၊ Road Traffic Accident (အမြန်လမ်း ယာဉ်တိမ်းမှောက်မှု)၊ Basic Life Support နှင့် လူနာသယ်ဆောင် နည်းတို့ကို သင်တန်းနည်းပြ (၆)ဦးဖြင့် ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ဗန်းမော်(ပြန်/ဆက်)