သီပေါ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ အစည်းအဝေးကို လစဉ်(၁၅)ရက်နေ့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တစ်ကြိမ်၊ လစဉ်လကုန်ရက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တစ်ကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များရှိပါကလကုန်တွင်ပြုလုပ်မည့် အစည်းအဝေးအား ထပ်မံတက်ရောက်၍ ညှိနှိုင်းဆောင်ရွက်ကြပါရန် စသည်ဖြင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းမှ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှ ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ စည်ပင်သာယာရေးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျေးရွာများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်နှင့်၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ မြေငှားဂရမ်ထုတ်ပေးခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် အနီးအနား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)