ကျောက်ဖြူ ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပြီးဖြစ်သည့် ပြည်သူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် စတုတ္ထအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့်ပြည်သူ (၈၆၇၀၀)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသည့်ပြည်သူ (၇၂၃၉၁)ဦးနှင့် တတိယအကြိမ် ထိုးနှံပြီးသည့်ပြည်သူ (၂၈၉၃၂) ဦးရှိပြီဖြစ်ကာ ယနေ့တွင် စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးအား ပြန်လည်ထိုးနှံပေးလျက်ရှိသည်။ ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသူများကိုလည်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း