လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲ ကျင်းပ

သထုံ ဩဂုတ် ၁၅

မွန်ပြည်နယ်၊ သထုံမြို့ရှိ အမှတ်(၈၈) စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ယနေ့ကာလသည် လက်မှုလယ်ယာမှသည် စက်မှုလယ်ယာစနစ်ဆီသို့ပြောင်းလဲနေပြီဖြစ်ရာ တောင်သူအများစုထံ၌ လယ်ယာသုံးစက်ကိရိယာများ လက်ဝယ်ရှိနေပြီဖြစ်ကြောင်း လယ်ယာလုပ်ငန်းများ၌ စက်ကိရိယာများ အသုံးပြုခြင်းဖြင့် အချိန်ကုန် ငွေကုန် လူသက်သာပြီး တောင်သူများအတွက် အကျိုးများလာသည်နှင့်အတူ စက်ကိရိယာများကို စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်ရန် လိုအပ်လာပါကြောင်း ယခုဖွင့်လှစ်သည့် သင်တန်းမှာ အခြေခံဖြစ်ပြီး အဆင့်မြင့်သည့် နည်းပညာများကိုလည်း ထပ်မံလေ့လာစေလိုပါကြောင်း၊ သင်တန်းပို့ချချက်များကို စနစ်တကျသင်ယူပြီး မိမိတို့ရပ်ရွာ၌လည်း ပြန်လည်ဖြန့်ဖြူးပေးခြင်းဖြင့် ရပ်ရွာအကျိုးရှိအောင် ဆောင်ရွက်စေလိုပါကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွက်ချက်နှင့် သင်တန်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်က သင်တန်းစည်းမျဉ်းများအား ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒေသတွင်း လယ်ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုး လက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များအား စနစ်တကျ မောင်းနှင်ခြင်း ပြုပြင်ထိန်းသိမ်းခြင်းများကို သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား တောင်သူ (၃၀)ဦးတို့အား စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက ဩဂုတ်လ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ စာတွေ့၊ လက်‌တွေ့ (၁၂)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)