မိုးညှင်း ဩဂုတ် ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဆိုပါသင်တန်းဆင်းပွဲနှင့် ပတ်သက်၍ သင်တန်းသား သင်တန်းသူများအား သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူရှေ့တန်းကျကျ တုန့်ပြန်ရင်ဆိုင်ကြရမည့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပရဟိတလူမှု ကူညီရေးအသင်း အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားစိတ်ပါဝင်စားသူများအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတကာ အသုံးပြုနေသည့် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်စိုးသန်းက သင်တန်းသားသင်တန်းသူ စုစုပေါင်း(၅၀)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသားသင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများအား သင်တန်းသားသင်တန်းသူများမှ အခြေခံကြိုးချည်နည်းများ၊ ကျောလွယ် Hydraulic Tools များ အသုံးပြုနည်းများ၊ မီးခိုးနှင့် အမှောင်ထုအတွင်း ရှာဖွေကယ်ဆယ်သွားလာ လှုပ်ရှားနည်းနှင့် Water Mix Gun(HNE) ကျောလွယ် မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာဖြင့် မီးငြိမ်းသတ်နည်းစသည်တို့ဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးညှင်းခရိုင်အတွင်း၌ ဒေသန္တရအခြေအနေများပေါ် မူတည်၍ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များအလိုက် အလျင်အမြန် ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အဆိုပါ သင်တန်းဖွင့်လှစ်ခဲ့ရာတွင် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၅၀)ဦးကို ဘာသာရပ်(၈)မျိုးဖြင့် ဩဂုတ်လ(၈)ရက်နေ့မှ (၁၄)ရက်နေအထိ ခုနှစ်ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)