မိတ္ထီလာ သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၅.၂၉သန်းဖြင့် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား သောက်သုံးရေအဆင်ပြေစေရေး မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၅.၂၉သန်းဖြင့် ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ၆၈၀၀ ရှိ နှစ်လက်မ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နှစ်ထပ်ပန့်နှင့် ရေမော်တာတပ်ဆင်ခြင်းလုပ်ငန်များကို ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက် ရေရှိရေးလုပ်ငန်းများမှာ ယခုဆိုလျှင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နှစ်ထပ်ပန့်နှင့် ရေမော်တာတပ်ဆင်ခြင်းလုပ်ငန်များ ပြီးစီးပြီဖြစ်၍ ကန်သာအေးကျေးရွာရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)