တကောင်း ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ယမန့်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအားသွားရောက်ပြီး လုပ်ငန်းရှင်များ နှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ မီးဘေးလုံခြုံရေးအထူးသတိပြုလိုက်နာဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအလိုက် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီဘေးကြိုတင်ကာကွယ်ရေးပစ္စည်များ စနစ်တကျစီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားခဲ့သည်။ တကောင်းမြို့ အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များက ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သီရိအောင်(တကောင်း)