တံတားဦး ဩဂုတ် ၁၄
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများ ပူးပေါင်းကာ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည် ။
ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးက ကျောင်းသား/သူများအနေဖြင့် စာပေဗဟုသုတလေ့လာရာတွင် ကျန်းမာရေးသည်လည်း အဓိကကျသည့်အတွက် ဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ သံကောင်များသည် နေရာတိုင်းတွင်ရှိနေသည့်အတွက် အစာမစားမီ လက်ကိုသန့်ရှင်းစွာဆေးကြောရေး ၊ သန်ချဆေးများကို အစာစားပြီး ၃ နာရီအကြာ(သို့မဟုတ်) ညအိပ်ယာဝင်ချိန် သောက်ရမည်ဆေးဖြစ်ပြီး ခြောက်လ တစ်ကြိမ် တိုက်ကျွေးပေးပါကြောင်း၊ ဒါ့အပြင်သန်ချဆေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် ပြန်လည်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည် ။
ထို့နောက်ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/များ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေးပေးကြကြောင်း သိရသည်။
ရဲတင့်