ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အဝေးပြေးကားဝင်း၌ ဧရာဝတီတိုင်းအခြေပြု ခရီးစဉ် ယာဉ်လိုင်းများ ပြေးဆွဲမှုမရှိ

ရန်ကုန် စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ခရီးသည်များ ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသော ခရီးစဉ်ယာဉ်လိုင်းများအနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်က ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ခရီးစဉ်ယာဉ်လိုင်းများ ပြေးဆွဲမှုမရှိကြောင်း နှင့် ဒေးဒရဲတံတားအဆင်း ကွမ်းခြံကုန်းမြို့နယ် အင်္ဂပူကျေးရွာ ဝင်ပေါက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းက စတင်ပြီး ယာဉ်ဝင်ရောက်မှု မရှိစေရေးအတွက် ပိတ်ထားကြောင်း သိရသည်။

ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့က  ဒလမြို့မှ ဧရာဝတီတိုင်းဒေသကြီးသို့ ခရီးစဉ် ပြေးဆွဲသော မီနီဘတ်(စ်)ယာဉ် ၇ စီး၊ စူပါကစတန်ယာဉ် ၅ စီး၊ ကက ယာဉ် ၄ စီး၊ စုစုပေါင်း ၁၆ စီးဖြင့် ခရီးသည် ၁၂၃ ဦးကို ပြေးဆွဲပို့ဆောင်ခဲ့ကြောင်း၊ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးမှ ဒလမြို့သို့ ယာဉ်များ ဝင်ရောက်ပြေးဆွဲခြင်း မရှိကြောင်း၊ ယာဉ်လိုင်းများ ပြေးဆွဲမှုကို ပိတ်ထားကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများပြားလာခြင်းကြောင့် ခရီးသည်သွားလာမှု မရှိသလောက် နည်းပါးသွားကြောင်း (YRTA) ဒလမြို့နယ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း မြို့နယ်များနှင့် လှိုင်သာယာ မြို့နယ်များသို့ YBS  ၄၇၊ ၄၈၊ ၄၉၊ ၅၀  ယာဉ်များအနေဖြင့် ခရီးသည်များ အဆင်ပြေစေရေး၊ ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်မှုများဖြင့်‌ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၂၃ လိုင်း ရှိပြီး၊ ယာဉ်အစီးပေါင်း ၂၉၄ စီးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုများရှိလာခြင်းကြောင့် တိုင်းဒေသ ကြီးအတွင်း Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်း မြို့နယ်မပါ) တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်များမှအပ စက်တင်ဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးသွားရောက်ခြင်းမပြုရန် တားမြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)