သာစည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်းတို့၏ မျိုးစိတ်အသစ် BA-4 နှင့် BA-5 အသစ်များ ကြိုတင်ကာကွယ်ရေး မြို့ပေါ်လူစည်ကားရာ နေရာများနှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့မဈေးကြီးနှင့် သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်အနီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေးတို့တွင် ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်ရန်နှင့် ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသိပညာပေးခြင်းများ ( Mask Campaign) ပြုလုပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ၆ လ ပြည့်ပြီးနှင့်အထက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေးကိုလည်းကောင်း၊ ထပ်ဆောင်နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှု ကာလ ၆ လပြည့်ပြီးနှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကိုလည်းကောင်း ဩဂုတ် ၁၅ ရက်နေ့မှစ၍ သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းတို့ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။ ထို့နောက်ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို ကျေးရွာများ၌ အသံချဲ့စက်ဖြင့် ဆက်လက် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)