၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ် ၁၄

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရှမ်းပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပညာရေးဖွံ့ဖြိုးတိုးဆက်ရေးအတွက် နှစ်ရှည်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ အခြေအနေကြောင့် ကျောင်းများပိတ်ခဲ့ရသော်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ ဆရာ၊ ဆရာမများ ဘက်က စာသင်ချိန်တိုတောင်းသော်လည်း သင်ယူသူ ကျောင်းသား၊ ကျောင်းသူများ တတ်မြောက်မှု မြင့်မားစေရေးအတွက် အားကြိုးမာန်တက် သင်ကြားပို့ချပေးခဲ့ကြသလို ကျောင်းသား၊ ကျောင်းသူ များ ကလည်း သင်ယူလိုစိတ်ပြင်းပြကာ ကြိုးစားသင်ယူခဲ့ကြသည့်အတွက် ယခုလိုအခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ဂုဏ်ထူးရရှိသူ ဦးရေများစွာဖြင့် ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၆)ဘာသာ ဂုဏ်ထူးရှင်(၆)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၂၅)ဦး ၊(၄)ဘာသာဂုဏ်ထူးရှင်(၅၀)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂၂၇)ဦး၊ စုစုပေါင်း(၃၀၈)ဦးကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုဆုငွေ စုစုပေါင်း နှစ်ရာသုံးဆယ် တစ်သိန်းငါးသောင်းကို  ချီးမြှင့် ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲ ကျင်းပရာ (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ကျောင်းသူများအား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်  ဒုတိယတိုင်းမှူးတို့ကလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတရေးရာ ဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကလည်းကောင်း၊ (၃)ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး ဒုတိယတိုင်းမှူး၏ဇနီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး၊ ပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်၏ဇနီးတို့မှ အသီးသီးဆုများ ချီးမြှင့်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား(၆)ဘာသာဂုဏ်ထူးရှင် တောင်ကြီးမြို့အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ မောင်မြတ်မင်းသန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးအ.ထ.က(၄) တောင်ကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)