ညောင်ဦး ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် စခန်းဝန်း အတွင်း၌ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေး တပ်စုအင်အား (၃၅)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ စုဖွဲ့လေ့ကျင့်မှုများအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လေ့ကျင့် ဆောင်ရွက်စု ဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၁/၂၀၂၂) အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း Mulan သည် ၁၁.၈.၂၀၂၂ ရက်နေ့ ဗီယက်နမ်နိုင်ငံ အထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အဆိုပါ အပူပိုင်းမုန်တိုင်း Mulan ၏ အရှိန်ကြောင့် ၁၁.၈.၂၀၂၂ ရက်နေ့မှ ၁၄.၈.၂၀၂၂ ရက်နေ့အတွင်း နေပြည်တော်၊ ကယားပြည်နယ် ကရင်ပြည်နယ်၊ တနင်္သာရီ၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုံးရွာသွန်းပြီး ဒေသ အလိုက် နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိ ပြုပြင်ဆင် ထားနိုင်ကြပါရန် အသိပေးနှိုးဆော်ထားရှိချက်အရ အဆိုပါ အပူပိုင်းမုန်းတိုင်း Mulan ၏ အရှိန် ကြောင့် မိမိတို့မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာခဲ့ပါက ပြည်သူလူထု အား အချိန်နှင့်တစ်ပြေးညီ ထွက်ခွာတုံ့ပြန်ကူညီဆောင်ရွက်သွားနိုင်ရေး မိမိတို့ မြို့နယ်များအလိုက် ရှာဖွေ ကယ်ရေး အင်အားစုများအား အသင့်စုဖွဲ့ လေ့ကျင့်ပြင်ဆင်ထားကြရန် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်အရ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အား ၃၅ နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း ကိရိယာများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်၍ ယခုကဲ့သို့ ကြိုတင်စုဖွဲ့ လေ့ကျင့်ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။
ကိုကြေးမုံ