မောင်တော ဩဂုတ် ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယနေ့နေ့လည် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင်က မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲပြုလုပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးမဖြစ်ပေါ်မှီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးကာလများအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ် စေရေး နှင့် ဆိုးကျိုးများကို တတ်နိုင်သမျှ နည်းစေရေးအတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။ ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများအလိုက် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား တစ်ဦးချင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ပြောကြားပြီး လိုအပ်သည်များကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ ပြန်လည်ပေါင်းစပ်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)