နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် လွှဲပြောင်းမတည်ပေးအပ်ခဲ့သည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား ဘသာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် လယ်ယာစီးပွားမြှင့် တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေး အတွက် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ကချင်ပြည်နယ်အတွက် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ၈ ဘီလီယံကို ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ရရှိသည့် ရန်ပုံငွေများကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လျှင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့် လုပ်ငန်းများဖြစ်စေ ရေး၊ အကျိုးရှိထိရောက်အောင်မြင်မည့် လုပ်ငန်းများဖြစ်စေရေးနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများ ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး၊ ရင်းနှီးမတည်ပေးနိုင်ရေးအတွက် ကျေးရွာများတွင် အရင်းမပျောက် မတည်ငွေ မြစိမ်းရောင်စီမံကိန်းပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းများ အပါအဝင် ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းစဉ်များ သတ်မှတ်၍ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အသီးသီးသုံးသပ်အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မတည်ပေးသည့်ရန်ပုံငွေများ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရေး၊ ၎င်းငွေတိုးပွားလာစေရေးတို့အတွက် ပြည်နယ်စီးပွားမြှင့်တင်ရေး ဦးဆောင်ကော်မတီနှင့်ခရိုင်၊ မြို့နယ်များအလိုက် ကော်မတီများဖွဲ့စည်းပြီး လျင်မြန်စွာတိုးတက် အောင်မြင်စေမည့်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်