ဆွမ်ပရာဘွမ် သြဂုတ် ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျန်းမာရေးဦးစီဌာနအနေဖြင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမားရေးမှူးအဆင့် (၁)ဒေါ်ဂျေလုဂျာကကိုယ်ဝန် ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရမျှတ၍ ကျန်းမာစေရန် စားသောက်နည်းများကိုလည်းကောင်း၊ သားဖွားဆရာမ ဒေါ်မေသူဝင်းက ၅ နှစ်အောက် ကလေးငယ်များအတွက် အာဟာရနှင့် ဆေးဝါးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက်သားဖွားဆရာမဒေါ်ဘောက်ဆိုင်းက ၅ နှစ်အောက်ကလေးငယ်များကို ဗီတာမင် အေဆေးလုံးနှင့် သန်ချဆေးများတိုက်ကျွေးကာကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ၁ ကြိမ်၊ ၂ ကြိမ် ထိုးပြီးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ချက်ပြုတ်ရေး သရုပ်ပြပြိုင်ပွဲ ကျင်းပရာ ၅ ဦးတစ်ဖွဲ့ဖြင့် ၃ ဖွဲ့ခွဲပြီးအချိန်၄၅မိနစ်ပေး ယဉ်ပြိုင်စေကာ ၅ နှစ်အောက် ကလေးများအတွက် အဟာရဖြစ်စေမည့် အစားအစာများကို ချက်ပြုတ်ယဉ်ပြိုင်စေပြီး ကြီးကြပ်သူများ စားသုံးစစ်ဆေးကာ ပထမ၊ ဒုတိယရရှိသူများအား မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဂျေလုဂျာမှ လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့ကလည်းကောင်း ဆုများ အသီးသီးပေးအပ်၍ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်မိခင်များအား အမှတ်တရ လွယ်အိတ်များနှင့် ခွက်များ၊ ဘာသာရေးအသီးသီးမှ မူကြိုကလေးငယ်များကို မူကြိုအရွယ်ကလေးငယ်များကို “အစာအုပ်စုစုံအောင် စားသန့်ရှင့်မှုကိုအလေးထား”လွယ်အိတ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်/ဆက် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးအဖွဲ့များနှင့် ကိုယ်ဝန် ဆောင်နှင့် နို့တိုက်မိခင်များ ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)