သိန္နီ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် သောက်သုံးရေ ထုတ်လုပ်ရောင်းချလျက်ရှိသော ရေသန့်စက်ရုံများအား သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိနှင့် သတ်မှတ်စံချိန်၊ စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များပါဝင်သောအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သိန္နီမြို့ရှိ ရေသန့်ထုတ်လုပ်ရောင်းချလျက်ရှိသော ရှမ်းမလေး သောက်ရေသန့်စက်ရုံနှင့် ရွှေခုတ်နမ့်သောက်ရေသန့်စက်ရုံတို့တွင် ရေသန့်စက်ထားရှိသောအခန်းများ၊ ရေသန့်ဗူးများ ဆေးကြောသည့်နေရာနှင့် ရေစစ်သည့်နေရာများ၊ ရေထုတ်ယူ သုံးစွဲသည့် ရေအရင်းအမြစ်နေရာများ၊ ရေသန့်ထည့်၍ ထုပ်ပိုးပြီးသော ရေသန့်ဗူးများထားရှိသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များမှာ သတ်မှတ်ထားသော အရည်အသွေးပြည့်ခြင်း ရှိ/မရှိနှင့် သောက်သုံးရေသန့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်လက်မှတ် ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)