ဝိုင်းမော် သြဂုတ် ၁၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကြည်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝိုင်းမော်နယ် ပညာရေးမှူးဦးသန်းအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ လူငယ်များ မူးယစ်ဆေးဝါးကင်းစင်၍ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ပြီးဘက်စုံဖွံ့ဖြိုးပြီး နိုင်ငံသားကောင်း ရတနာများပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ကျင်းပရကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဝိုင်းမော်နယ် အတွင်းရှိအခြေခံပညာကျောင်းများမှအသက်၁၆ နှစ်အောက် အမျိုးသားအသင်း (၁၄) သင်း၊အမျိုးသမီးအသင်း (၉) သင်း အုပ်စု (၄) စုဖြင့် သြဂုတ်လ ၁၂ ရက်မှ ၃၀ ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမဆု - ၁ သိန်းခွဲ၊ ဒုတိယဆု - ၁ သိန်းနှင့် အကောင်းဆုံးကစားသမားဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဖြူစင်