မုဒုံ သြဂုတ် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းအား ကျေးရွာနေ ပြည်သူ လူ ထုများ သိရှိနိုင်ရန် အသံချဲစက်ဖြင့်ကြေငြာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်းဇရပ် (ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီး ရွယ်အို၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ် ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံ ဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၄၀)ဦး ခန့်ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့မှ ရေဘေး၊လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေး ဟောပြောပေးခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားငယ် (မုဒုံ)