မိုင်းဖြတ် သြဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ ယမန်နေ့က မိုးအဆတ်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်တွင် ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တောင်ပြိုမှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားရာတွင် ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၆၉၇/၆၉၉)ကီလိုမီတာကြားတွင် တောင်ပြိုမှုဖြစ်ပွားခြင်း၊ (၇၁၉/၇၂၈) ကီလို မီတာကြားတွင် တောင်ပြိုမှုဖြစ်ပွားခြင်း၊ ကားလမ်းပေါ်သို့ နမ့်လုံချောင်းရေလျှံမှု များ ဖြစ်ပွားခြင်း၊ တောညုကျေးရွာအုပ်စု၊ ဆိုက်ခေါင်(အမက)မူလွန်ကျောင်းအတွင်း ချောင်းရေ( ၅) ပေခန့်ဝင်ရောက်ခြင်းတို့ ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ တောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် နယ်မြေခံတပ်ရင်းများမှ တပ်မတော်သား များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သော်တာဝင်းလမ်းကုမ္ပဏီမှ တာဝန်ရှိသူများက လမ်းပိတ်ဆို့မှုမဖြစ်စေရေး၊ ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ အဆိုပါတောင်ပြိုမှုကြောင့် ကျိုင်းတုံ-မိုင်းဖြတ်ကြား ဖိုက်ဘာလိုင်းများ ပြတ်တောက်လျက်ရှိပြီး အင်တာနက်လိုင်းများ မကောင်း၍ ရတနာပုံ ဖိုက်ဘာအဖွဲ့မှ ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် သြဂုတ်လ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးသည်းထန်စွာဖြင့် အဆတ်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ဝမ်ပုံချောင်း၊ နားလီးချောင်း၊ မိုင်းဟဲကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းရေများ ပြည့်လျှံလျက်ရှိရာ ချောင်းများအနီးရှိ စိုက်ပျိုးလျက်ရှိသည့် မိုးစပါးစိုက်ခင်းများ ရေဖုံးလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)