နေပြည်တော် ဩဂုတ် ၁၃
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season -2 တေးသီချင်းသီဆိုမှု ပြိုင်ပွဲအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ တေးသီချင်းသီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ပြည်သူအများ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားလေးစားစိတ်၊ မိမိတို့၏ အချုပ်အခြာအာဏာကို ကိုယ်တိုင် ထိန်းသိမ်းရမည်ဆိုသော ထက်သန်သည့် စိတ်ဖြစ်ပေါ်စေရန်၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာ စေရန်၊ ပြည်သူများ၏ စိတ်ကိုအပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နေပြည်တော်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သီချင်းသီဆို ဝါသနာရှင်များအနေဖြင့် နေပြည်တော်အတွက် အားထားရသည့် အဆိုရှင်ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နေပြည်တော် ကောင်စီအနေဖြင့် လိုအပ်သည်များကိုလည်း တာဝန် ရှိသူများနှင့်ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး နေပြည်တော်မှ အတွင်းရေးမှူး ဦးအေးကိုကိုက ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် နေပြည်တော်တေးသီချင်း သီဆိုဝါသနာရှင်များ စိစစ်ရွေးချယ်အဖွဲ့ဝင်များက တေးသီချင်းဆိုပြိုင်ပွဲဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်ရှစ်မြို့နယ်မှ တေးသီချင်း သီဆိုသူဝါသနာရှင်များက တေးသီချင်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုကို အကဲဖြတ် စိစစ်ရွေးချယ် ကြပြီး နေပြည်တော် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် သုံးဦးကို စိစစ်ရွေးချယ်ခဲ့ကြသည်။
အဆိုပါ “ တူယှဉ်နွှဲပျော် ဂီတပွဲတော် Season -2” တေးသီချင်းသီဆိုမှု ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသက် (၁၈)နှစ်ပြည့်ပြီးသူ၊ အသက် (၃၀)နှစ်ထက်မကြီးသူ ပြိုင်ပွဲဝင်(၃)ဦးစီအား သက်ဆိုင်ရာအစီအစဉ်ဖြင့် ရွေးချယ်စေ လွှတ်ယှဉ် ပြိုင်စေပြီး နိုင်ငံတော်အဆင့် ပထမဆုရရှိသူအား ငွေကျပ်သိန်းတစ်ရာ၊ ဒုတိယဆုရရှိသူအား ငွေကျပ် သိန်းငါးဆယ်၊ တတိယဆုရရှိသူအား ငွေကျပ်သိန်းသုံးဆယ်နှင့် နှစ်သိမ့်ဆုရရှိသူခုနှစ်ဦးအား တစ်ဦးလျှင် ငွေကျပ်သိန်းနှစ်ဆယ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုကို (ခရိုင်ပြန်/ဆက်)