မိုင်းပန် ဩဂုတ်၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှု ကြောင့် လယ်ယာမြေများ ပေါ်သို့ရေများဖုံးလွှမ်းလျက်ရှိရာ အဆိုပါလယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု ရှိ/မရှိကို မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့နေ့လည်ပိုင်းအချိန် ရေများလွှမ်းလျက်ရှိသော ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးနစ်မြုပ်ရာနေရာများသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်ဦးဆောင်၍သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကျေးရွာအုပ်စု (၈)အုပ်စုအတွင်း ကွင်းပေါင်း(၂၄)ကွင်း၊ တောင်သူပေါင်း (၃၅၀)ဦး၊ ဦးပိုင် ပေါင်း(၃၅၀)ဦး၊လယ် ဧရိယာ(၆၅၈.၆၀)ဧကခန့်၊၊ယာစပါးဧရိယာ(၁၉.၆၈)ဧကခန့်၊နှမ်းဧရိယာ(၃.၅၃)ဧကခန့်၊ အစေ့ထုတ်ပြောင်းဧရိယာ(၄.၄၁)ဧကခန့်၊ စုစုပေါင်းမိုးသီးနှံဧရိယာ (၆၈၆.၂၂)ဧကခန့် ရေများဖုံးလွှမ်း လျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ(၁၁)ရက်နေ့မှ၍ ယနေ့ထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေလျှံတက်ခြင်းကြောင့် လယ်ယာမြေများပေါ်၌ ရေများဆက်လက်မြင့်တက်လာခြင်းနှင့် ပျက်စီးဆုံးရှုံးမှု ရှိ/မရှိအား စောင့်ဆိုင်းကြည့်ရှုရမည်ဖြစ်ကြောင်း သတင်းရသည်။
မိုင်းပန်(ပြန်/ဆက်)