ကျောက်ဆည်မြို့နယ်ညောင်ရွှေကျေးရွာတွင် နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းပြီး

ကျောက်ဆည်  ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြပြီး ယာမြေ အချို့တွင် သီးပင်စားပင်များစိုက်ပျိုးကြကြောင်းနှင့် ညောင်ရွှေကျေးရွာတွင် တစ်နိုင်တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နဂါးမောက် စိုက်ပျိုးမည်ဆိုပါက ဦးစွာ (၃)ပေအကျယ်၊ (၃)ပေအနက် မြေကျင်းများ တူးထားပြီး သဘာဝမြေဆွေးများ ထည့်ထားပေးရကြောင်းနှင့် တိုင်ထောင်ပြီးစိုက်ပျိုးရသဖြင့် နှစ်ရှည်ခံနိုင်သည့် တိုင်များ၊ ကွန်ကရစ်တိုင်များ အသုံးပြုကာ လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၈)ပေအကွာ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး(၃)လအကြာတွင် အပင်ခြေများ၌ သဘာဝမြေဆွေး၊ နွားချေးနှင့်အတူ အာမိုမြေဩဇာ လက်တစ်ဆုပ်ရောစပ်ကာ  ဖြူးပေးရကြောင်းနှင့် ရေကြိုက်နှစ်သက်သော ကြောင့် အစိုဓာတ်မပျက်စေရေး ရေသွင်းပေးရပြီး ရာသီဥတုပူပြင်းပါက အပင်များပေါ်သို့ ရေဖျန်းပေးရကြောင်း သိရသည်။

နဂါးမောက်သီးနှံသည် နှစ်ရှည်သီးနှံဖြစ်ပြီး စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် စတင်ခူးဆွတ်ရောင်းချရကာ ရောင်းချရာတွင်အသီးအကြီးအသေးအပေါ်မူတည်ပြီး ငွေကျပ်(၂၀၀)မှ (၄၅၀)ကျပ် ရောင်းချရကြောင်း ညောင်ရွှေ ကျေးရွာမှ ဦးငွေထွန်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)