မော်လမြိုင်မြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီ အစည်းဝေးကျင်းပ

မော်လမြိုင် သြဂုတ် ၁၃

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံးပုံစံ ဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီအစည်းအဝေးကို ယမန်နေ့၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှု ဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဥ်ဝင်းက အမှာစကားပြောကြားရာ အန္တရာယ်ရှိသည့်လုပ်ငန်းများမှ ကလေးလုပ်သားများကို ဖယ်ရှား၍ စေခိုင်းသူကို ဥပဒေနှင့်အညီ စစ်ဆေးအရေးယူနိုင်ရန်ဆောင် ရွက်ပေးခြင်းနှင့် ညွှန်းပို့စနစ် ဆောင်ရွက်ခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို လုပ်ငန်းခွင်မှ ဖယ်ရှားရန် ရှေ့ပြေးစီမံချက်နယ်မြေ သတ်မှတ်ဆောင်ရွက်ခြင်း၊ အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသော ပညာသင်ကြားခွင့် ရရှိစေရေး ဆောင်ရွက်ခြင်း၊အခမဲ့ပညာသင်ကြား ရေးကျောင်းနှင့် ချိတ်ဆက်ပေးခြင်းနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့နိုင်ရေး ဆောင်ရွက် ခြင်း စသည်တို့ကိုလုပ် ဆောင်ပေးမှာဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့လုပ်ဆောင်ပေးနိုင်သည့် အကြောင်းအရာများ၊ လုပ်ဆောင်နေသည့် အချက်များကို ဆွေးနွေးကြပြီး ယခုလို အစည်းအဝေးကို ၃ ပတ်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး မော်လမြိုင်မြို့ကို ရှေ့ပြေးစီမံချက်နယ် မြေအဖြစ်သတ်မှတ်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)