ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက်(CERP)အရ (Cash For Work) စီမံကိန်း ကျေးရွာ ပေါင်း(၁၁)ရွာတွင်ဆောင်ရွက်

ကျောက်တံခါး စက်တင်ဘာ ၁၁

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)အရ (Cash For Work) စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာဖြစ်သည့် ဂုံမင်းကွင်းကျေးရွာ၊ လည်းဘီးကွဲကျေးရွာ၊ သပြေကုန်းကျေးရွာ၊ ထီးလပ် မြောက်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကျောက်ခဲအင်းကျေးရွာ၊ ဇလုပ်ကြီးကျေးရွာ၊ ရေအေးကျေးရွာ၊ မြို့ချောင်းကျေးရွာ၊ ကြိုင်းအုံကျေးရွာတို့တွင် လမ်းဘေးရေနုတ်မြောင်းများ တူးဖော် ခြင်း၊ လမ်းများအား မြေသားဖို့ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ကျောက်ရောမြေခင်းခြင်း၊ ဂဝံခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ ရေပြွန်တည်ဆောက်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ(Cash For Work) စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်မှ အရေးပေါ်တုံ့ပြန်မှု အစီ အစဉ်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက် အကူပြုသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)