မော်လမြိုင်မြို့နယ်၌ ‌ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table Top Exercise မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင်    ဩဂုတ် ၁၃

မော်လမြိုင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise မြို့နယ်အဆင့် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးတင်ယုက အဖွင့် အမှာစကားပြောကြားပြီး  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုး‌ကျော်သူက သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ထိရောက်ဆုံး တုံ့ပြန်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျအမြန်ဆုံးပူး ပေါင်းဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့်ဆိုးကျိုးများကိုတတ် နိုင်သမျှ နည်းနိုင်သမျှနည်းစေရေးအတွက် ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်များနှင့်အညီ အတတ်ပညာများကို အသုံးချ၍ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဒေသခံပြည်သူများ ပါဝင် သောဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုများကို ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက်  မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များနှင့် ကြုံတွေ့လာပါက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့ကို  မြို့နယ် မိုးဇလ၊  မြို့နယ်လျှပ်စစ်အဖွဲ့၊ မြို့နယ်ဘေးစီမံ၊ မြို့နယ်သစ်တော၊ မြို့နယ်စည်ပင်သာယာ အဖွဲ့၊ မြို့နယ်ကြက်ခြေနီ တာဝန်ခံ၊ မြို့နယ်ဆည်မြောင်း၊ မြို့နယ် လမ်းဦးစီးဌာန လူမှုရေးအသင်း အဖွဲ့များ(ဘိုဘိုဝင်း၊ရာမည၊မော်လမြိုင်၊ ရွှေတောင်၊ ကျန်းမာချမ်းသာ၊ ရင်ခွင်ဖြူ၊ အေးမြကြည်လင်)မှ အဖွဲ့ဝင်များ၊ အရန်မီးသတ်ဒုတပ်ရင်းမှူးနှင့် မြို့နယ် နယ်မြေမီးသတ် စခန်းများမှ တာဝန်ခံနှင့် စခန်းမှူးများ၊ မီးသတ်အရာရှိများက မိမိတို့ဆောင်ရွက်မည့်ကဏ္ဍအလိုက် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)